၃၈ဖြာ မင်္ဂလာတရားတော် မှတ်စု


လင်္ကာ

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာသုံးပါး

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ နေရေးထိုင်ရေး မင်္ဂလာသုံးပါး

ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၃။ သင်ကြားရေး မင်္ဂလာလေးပါး

တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၎။ ပြုစုရေး မင်္ဂလာသုံးပါး


မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါး

သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၆။ ရှောင်ကြဉ်ရေး မင်္ဂလာလေးပါး

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၇။ စိတ်ထားရေး မင်္ဂလာငါးပါး

အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၈။ သည်းခံရေး မင်္ဂလာလေးပါး

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၉။ ခြိုးခြံချွေတာရေး မင်္ဂလာလေးပါး

လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ စိတ်ထားခိုင်ခံရေး မင်္ဂလာလေးပါး

ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၁၁။ မင်္ဂလာ အကျိုးပြ နိဂုံး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။


***** အောက်ပါတို့သည် သီတဂူဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော်တို့၏ တရားအသံဖိုင်များမှ ထုတ်နှုတ်ထားသောမှတ်စုများဖြစ်ပါသည်*****

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေခိုက် သိကြားမင်း၏ စေခိုင်းချက်အရ နတ်သားတစ်ပါးမှနေ၍ ကြီးပွားရာကြီးပွားကြောင်း မင်္ဂလာတရားတော်များကို ဟောကြားပေးပါရန် လျှောက်ထားခဲ့ရာမှ ဤမင်္ဂလသုတ်တရားတော် ပေါ်ပေါက်လာခဲ့ပေသည်။ နတ်သားသည် မြတ်စွာဘုရားထံ တရားတောင်းလျှောက်ထားရန် လာသောအခါ အပြစ်၈ပါးကင်း၍ သင့်တင့်သော နေရာ၌နေပြီးမှ လျှောက်ထားခဲ့လေသည်။ ထို့ကြောင့် လေးစားထိုက်သောပုဂ္ဂိုလ်များ၊ သူတော်သူမြတ်များနှင့် ဆက်ဆံရာတွင် နတ်သားကိုနမူနာယူ၍ အပြစ်၈ပါးကင်းအောင်နေသင့်ထိုင်သင့် လှပေသည်။ ထိုအပြစ် (၈)ပါးသည်ကား-

  • အရှေ့တည့်တည့်မှ ထိုင်နေခြင်း
  • အနောက်တည့်တည့်မှ ထိုင်နေခြင်း
  • နီးလွန်းသောအရပ်မှ ထိုင်နေခြင်း
  • ဝေးလွန်းသောအရပ်မှ ထိုင်နေခြင်း
  • မြင့်သောအရပ်မှ ထိုင်နေခြင်း
  • နိမ့်လွန်းသောအရပ်မှ ထိုင်နေခြင်း
  • လေညာ၊ လေဆန်ဖြစ်သော အရပ်မှ ထိုင်နေခြင်း
  • ဘေးတိုက်ထိုင်နေခြင်း တို့ဖြစ်သည်။

နတ်သားလာရောက်၍ မင်္ဂလာတရားဟောကြားရန် တောင်းပန်ရခြင်းမှာ ၁၂နှစ်တိုင်တိုင် လူ၊ နတ်များအကြား မင်္ဂလာနှင့်ပတ်သတ်သော ကောလာဟာလ အယူအဆမျိုးစုံပေါ်ပေါက် ငြင်းခုံနေရသောကြောင့်ဖြစ်ပေသည်။ တရားတော်အရ ကောလာဟာလအမျိုးပေါင်း (၅)မျိုးရှိပေသည်။

ကောလာဟာလငါးမျိုးမှာ-
  • ဗုဒ္ဓကောလာဟာလ
  • မောနေယျကောလာဟာလ
  • ကပ္ပကောလာဟာလ
  • စက္ကဝတ္တိကောလာဟာလ
  • မင်္ဂလာကောလာဟာလ တို့ဖြစ်သည်။

ဗုဒ္ဓကောလာဟာလ - ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း ၁၀၀၀ အလိုမှ စတင်ဖြစ်ပေါ်သည်။ သုဒ္ဓါဝါသဗြဟ္မာကြီးများ ဘုရားပွင့်မည်ဟုကြွေးကြော်ရာမှ စတင်လေသည်။ ဗုဒ္ဓကောလာဟာလကြောင့် ဘုရားအတုများဖြစ်သော တိတ္ထိဆရာကြီး ၆ဦးနှင့် လည်းကောင်းတို့၏ အယူအဆများ ဘုရားမပွင့်မီ ပေါ်ပေါက်ခဲ့လေသည်။

                     တိတ္ထိဆရာကြီး (၆)ဦးမှာ-
  • ပူရဏကဿပ
  • မက္ခလိဂေါသာလ
  • အဇိတကေသကမ္ဗလ
  • ပကုဓကစ္စာယန
  • သဉ္စယဗေလဋ္ဌပုတ္တ
  • နိဂဏ္ဌနာဋပုတ္တ တို့ဖြစ်သည်။


ထိုတိတ္ထိဆရာကြီး (၆)ဦးတို့သည် ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတရားတို့ကို ဟောကြားဖြန့်ချီခဲ့ကြလေသည်။



မောနေယျကောလာဟာလ - မောနေယျရဟန်းသည် သာသနာတစ်ခေတ်တွင် တစ်ပါးသာပေါ်သည်။ မောနေယျရဟန်းသည် မောနေယျအကျင့်ကို ကျင့်သောသူဖြစ်သည်။ မောနေယျအကျင့်ဆိုသည်မှာ ရဟန်းဘဝခံပြီးသည်နှင့် မိမိအိမ်သို့ နောက်တစ်ကြိမ် ထပ်မံ၍မသွား၊ ဘုရားထံတွင် တစ်ကြိမ်သာ တရားနာပြီး နောက်ထပ်တစ်ကြိမ် ထပ်မံ၍နာကြားခြင်းမရှိ၊ ရွာတစ်ရွာဆွမ်းခံဝင်ပြီးလျှင် ထိုရွာသို့ နောက်ထပ်ဆွမ်းခံဝင်းခြင်းမပြု၊ ထိုသို့ပြတ်ပြတ်စဲစဲကျင့်သော အကျင့်ကိုမျိုးဖြစ်သည်။ မောနေယျကောလာဟာလသည် မောနေယျရဟန်းမပေါ်ခင် (၇)နှစ်အလိုမှ ကြိုတင်ဖြစ်သည်။ သုဒ္ဓါဝါသဗြဟ္မာကြီးများ ကြွေးကြော်ရာမှ စတင်သည်။


ကပ္ပကောလာဟာလ - ကမ္ဘာပျက်တော့မည့်အကြောင်း ကောလာဟာလဖြစ်ပေါ်ခြင်း။ နှစ်ပေါင်းတစ်သိန်း အလိုမှစ၍ လောကာပါလ ကာမာဝစရနတ်များ ကြွေးကြော်ခြင်းမှ စတင်သည်။ နတ်မင်းများသည် စိုရွှဲသောမျက်ရည်၊ ဖရိုဖရဲကျဲသော ဆံပင်၊ နီမြန်းသောအဝတ်တို့ဖြင့် အရပ်လေးမျက်နှာမှ ကြွေးကြော်ကြသည်။

စက္ကဝတ္တိကောလာဟာလ - စင်္ကြာမင်းပေါ်မည်ဟု ကောလာဟာလဖြစ်ပေါ်ခြင်း။ နှစ်ပေါင်း တစ်ရာအလိုမှစ၍ လောကာပါလ ကာမာဝစရနတ်များ ကြွေးကြော်ခြင်းမှစတင်သည်။ 

မင်္ဂလာကောလာဟာလ - မင်္ဂလာတရားမပေါ်ပေါက်မီ ၁၂နှစ်အလိုမှ စတင်သည်။ သုဒ္ဓါဝါသဗြဟ္မာကြီးများမှ စတင်ကြွေးကြော်သည်။ 

မင်္ဂလာကောလာဟလများတွင်
  • ဒိဋ္ဌမင်္ဂလာ - နှစ်သက်ဖွယ်ရာအရာများကို မြင်ခြင်းအားဖြင့် မင်္ဂလာရှိသည်ဟု ယူဆခြင်း (အရှေ့မှနေဝန်းထွက်သည်မြင်ခြင်းအား မင်္ဂလာရှိသည်ဟု ယူခြင်း၊ သန်းခေါင်ကျော် လပြည့်ဝန်း ဝိုင်းဝိုင်းစက်စက်ကို မြင်ရခြင်းအား မင်္ဂလာရှိသည်ဟု ယူခြင်း၊ အလှူခံပုဂ္ဂိုလ်ကြွလာတာမြင်ရလျှင် ထွက်ကိန်းကိုမြင်၍ မင်္ဂလာမရှိဟုယူခြင်း... )
  • သုတမင်္ဂလာ - နှစ်သက်ဖွယ်ရာ အသံများကို ကြားရခြင်းအား မင်္ဂလာရှိသည်ဟု ယူဆခြင်း
  • မုတမင်္ဂလာ - နှစ်သက်ဖွယ်ရာ အနံကိုရခြင်း၊ အရသာကို ခံစားရခြင်း၊ နူးညံ့သိမ်မွေ့သော အထိတွေ့ကိုခံစားရခြင်း တို့အားမင်္ဂလာရှိသည်ဟု ယူဆခြင်း 
အကျဉ်းအားဖြင့် အာရုံငါးပါး၏ ကောင်းသောခံစားမှုကို ရခြင်းအား မင်္ဂလာရှိခြင်းဟုယူခြင်း။

လောကီမင်္ဂလာ (၁၂)ပါးဟုခေါ်သော
  • ဝိဇာတမင်္ဂလာ - မွေးနေ့မင်္ဂလာ
  • မုခဒဿနမင်္ဂလာ - ဖွားပြီးသုံးရက်မြောက်နေ့တွင် မိဘဘိုးဘွားတို့အား ကလေးပြသော မင်္ဂလာ
  • ကေသစ္ဆေဒနမင်္ဂလာ - ခုနှစ်ရက်မြောက်နေ့တွင် ကလေး၏ ဆံပင်ဦးရိတ်ခြင်း မင်္ဂလာ
  • ဒေါဋ္ဌာကရဏမင်္ဂလာ - ကလေးကို ပုခက်တင်သိပ်ခြင်း မင်္ဂလာ
  • တမ္ဗုလဘတ္တမင်္ဂလာ - ကလေးကို ကွမ်းဦးခွံ့ခြင်း မင်္ဂလာ
  • ရဝိန္ဒုဒဿနမင်္ဂလာ - ကလေးကို နေလတို့အားပြသသော မင်္ဂလာ
  • နာမကရဏမင်္ဂလာ - အမည်ပေး ကင်မွန်းတပ်သော မင်္ဂလာ
  • ပထမဘတ္တမင်္ဂလာ - ထမင်းဦးခွံ့ခြင်းမင်္ဂလာ
  • ကေသဗန္ဓနမင်္ဂလာ - ဆံထုံးဥသျှောင်ထုံးဖွဲ့ခြင်း မင်္ဂလာ
  • ပဗ္ဗဇ္ဇမင်္ဂလာ - ရှင်ပြုခြင်းမင်္ဂလာ
  • အာဝါဟ ဝိဝါဟမင်္ဂလာ - လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာများသည်လည်းကောင်း၊
ရက်ရာဇာ၊ ပြဿဒါးစသော ဗေဒင်အလို မင်္ဂလာ (ကောတုဟလမင်္ဂလာ) များသည်လည်းကောင်း မင်္ဂလာအစစ်များမဟုတ်သော မင်္ဂလာကောလာဟလများပင်ဖြစ်ပေသည်။

မင်္ဂလာ၏ အဓိပ္ပာယ်မှာ 
၁။ မကောင်းမှုမှန်သမျှကို ရှောင်ရှားခြင်း
၂။ ကြီးပွားကြောင်း တရား
၃။ ချမ်းသာစေတတ်သော တရား
၎။ ပြည့်စုံစေတတ်သော တရား
၅။ ကောင်းမြတ်၍ ချီးမွန်းအပ်သောတရား ဟူ၍ဖြစ်ပေသည်။ လင်္ကာအားဖြင့် အောက်ပါအတိုင်းဖြစ်သည်။ 

မကောင်းမှုများ၊ ပါယ်ရှောင်ရှား၊ မှတ်သားမင်္ဂလာ။
ကြီးပွားစေတတ်၊ တရားမြတ်၊ မှတ်လော့မင်္ဂလာ။
ချမ်းသာစေတတ်၊ တရားမြတ်၊ မှတ်လော့မင်္ဂလာ။
ပြည့်စုံစေတတ်၊ တရားမြတ်၊ မှတ်လော့မင်္ဂလာ။
ကောင်းချီးပေးအပ်၊ တရားမြတ်၊ မှတ်လော့မင်္ဂလာ။
သုံးပုံပိဋိကတ်၊ အဆီမြတ်၊ မှတ်လော့မင်္ဂလာ။

1 comment:

  1. Very good info. Thank you so much for great effort bro.

    ReplyDelete